မဆန်းတဲ့ည
ဒီညဟာ မီးတွေ တောက်တဲ့ ညပါ
အဲဒီ မီးကို ကျွန်တော်က မွှေးတယ်
သူ့က ယပ်ခတ်တယ်လေ
လေညှာကနေ သူက ခတ်တော့
ကျွန်တော့်ကို မီးဟတ်ခဲ့တာ မဆန်းခဲ့ပါဘူး…
ဒီညဟာ တေးသွားတွေ မညီညာခဲ့တဲ့ ညပါ
အဲဒီ တေးသွားကို ကျွန်တော်က ထွင်တယ်
သူက သီဆိုတယ်
အသံအားကောင်းတဲ့ သူက စွဲငင်အား ကောင်းတော့
ကျွန်တော့် မျက်စီကို အသံလှိုင်းခတ်လို့
ရေပူတစ်ချက် ရုန်းထွက်သွားတာ မဆန်းခဲ့ပါဘူး…
ဒီညဟာ သူနှုတ်ဖျားနဲ့ ခါးသက်သက်စကားတွေ မိန့်ချွေတဲ့ ညပါ
အဲ့ဒီ အမိန့်ကို ကျွန်တော်က အခံခက်ခဲ့တယ်
သူက မကြားချင်တဲ့ စကားတလုံး ပြောသွားတယ်
ပေါ့ပေါ့ပါးပါးဘဲ ရှိတဲ့ သူက ဖွင့်ဟလွယ်ခဲ့ပေမဲ့
ကျွန်တော့် နားကနေ ခန္ဓာတလျှောက်လုံး
ဥပေက္ခာသွေးတွေ စီးမျောသွားခဲ့တာ မဆန်းခဲ့ပါဘူး…
No comments:
Post a Comment