Monday, August 4, 2014
တေလေလေးရဲ့ အိမ်မက်ရိုင်း
ကိုယ့်ရင်ဘတ် ကိုယ်နဖားကြိုးတပ်ရင်း လမင်းကိုကြိုးကွင်းပစ်ဖမ်းတဲ့ည
လှုပ်လီလှုပ်လဲ့ကြယ်တွေက မခို့ တရို့ ပြုံးပြသွားကြတယ်
(ဒီကကောင်ပဲလေဗျာ………)
အဖန်ငါးရာ ငါးကမ္ဘာ ကဗျာတွေထဲမှာ အကြိမ်ကြိမ်သေပေးသွားခဲ့တာ
လူသေတယ် ရင်ဘတ်သေတယ် ကဗျာသေတယ်
အိမ်မက်သေတယ် အတွေးသေတယ် အနာဂတ်သေတယ်
ဒီကဗျာအတွက် ဘယ်အသပြာမှမစွန့် ကြဲပါနဲ့ 
(ယားလို့ ရေးတဲ့ ကဗျာ…….)
ခင်ဗျားအပေါ်ယံစာနာစရာတော့မလိုဘူး
လက်ခုပ်မတီးပဲ ခြေခုပ်တီးလည်းဖြစ်တယ်
တစ်ကိုယ်ရေ တစ်ကာယ ကိုယ့်ကိုယ်ကိုပြန်ပြုံးပြနေရတာ လှတယ်
(ကိုယ်အလောင်းကိုယ်ပိုက်……. …)
ကျွန်တော့်အနီးတစ်ဝိုက်မှာ စကားစစ်ခင်းသံသောသောညံတယ်
ခင်ဗျားသတ်လို့ သေတဲ့ကဗျာဆရာတွေထဲမှာ ကျွန်တော်မပါဘူး ကဗျာမပါဘူး
(ပေလွှာမှာ ရွှေတင်ပြီးမှတ်……)
ခင်ဗျားဂဏန်းပေါင်းစက်မှာ သုညတွေတန်းစီရေးပြမယ်
ကိုယ့်ရင်ဘတ် ကိုယ်နဖားကြိုးတပ်ရင်း လမင်းကိုကြိုးကွင်းပစ်ဖမ်းတဲ့ ညဗျ
လှုပ်လီလှုပ်လဲ့ကြယ်တွေက ကျွန်တော့်ကို မခို့ တရို့ ပြုံးပြသွားကြတယ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment